အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်  နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိဈေးများ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်း ဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင် ဈေး၊ကြက်ဘဲဈေးနှင့်အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ်ဝန်ထမ်းများက အသံချဲ့စက် ဖြင့် ဈေးများအတွင်းသို့ လှည့်လည်ကာ နှိုးဆော်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာနေကြရန်နှင့် လက်ကို စနစ်တကျ ဆေးကြောရန်စသည့် အသိပညာပေး သိကောင်းစရာများကို နှိုးဆော်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဈေးများတွင်လည်း တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ သည်။

အလားတူ ဈေးများ၏ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေး ဘေစင်များ ထားရှိပေးခြင်းနှင့် ဈေးအဝင်ဝတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခြင်း ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက အသိပညာပေး ဆောင် လျက်ရှိကြောင်း သိရသည်။   

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်တာဝန်ရှိသူများနှင့်ပရဟိတအသင်း/အဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို