ပုဏ္ဏားကျွန်း နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းက အဖွင့်အမှာစကား
ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝင်းမြင့်က “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၄) ရပ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်ရေး တို့အတွက် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးကျော်နုတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၃၅)ခု အား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများမှာ အောင်ဇေယျ၊ ရခိုင်ဂန့်ဂါ၊ ကျွဲလမ်းချောင်း၊ ပန်းနီလာ၊ ဆင်ဖြူတောင်၊ အထက်မြတ်လှဲ၊ ကံချောင်း၊ ကံဦး၊ ယိုးငူ၊ သင်ပုန်းတန်းကျေးရွာအုပ်စုနှင့် ကြက်စင်တလင်း ကျေးရွာ အုပ်စုတို့မှ အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၁၉၃ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၃၅)ခုတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)