မိုင်းယု နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာသင်ကျောင်းများ ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက်ပိုင်းက စတင်ပညာသင်ကြားနေကြပြီဖြစ်သည်။
မိုင်းယုမြို့၌ အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေလျက်ရှိပြီး အဆိုပါ ကျောင်းများသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ နယ်မြေခံစခန်းမှူး ရဲအုပ် အောင်ဇော်မင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘကော်မတီများ ပါဝင်သောအဖွဲ့က ဆရာ/မများ ကျောင်းဝင်ပေါက်ဝတွင် အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း(Mask)များတပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်းများ၊ ကျောင်းသားကျောင်းသူတို့ ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနေမှုစသည့်အခြေအနေများကို ကြည့်ရှု့စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြသည်။
မိုင်းယုမြို့တွင် အခြေခံပညာကျောင်း အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း ခွဲ(၁)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်း၊ စုစုပေါင်းကျောင်း (၈)ကျောင်းရှိပြီး ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်နေ့က ပထမအကြိမ် ကျောင်းများအားလုံး ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေများအရ ပြန်လည်ပိတ်ခဲ့ရကြောင်းနှင့် ယခုအခါ ရောဂါဖြစ်ပွားမှု လျော့နည်းမှုအပေါ် မူတည်၍ ယနေ့မှစတင်ကာ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)