ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား

ကျိုင်းတုံ        နိုဝင်ဘာ   ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပြည်တွင်းကူးစက်နေမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်း နေပြီဖြစ်သည့်အတွက် ယနေ့မှစ၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အား stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖြစ်လိုက်ပြီဖြစ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရခြင်း မရှိသေးသော ကျောင်းသား၊ ကျောင်းသူ အချို့မှာလည်း မိဘ အုပ်ထိန်းသူများနှင့်အတူ လာရောက်ကျောင်းအပ်နှံကြပြီး  ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်း၊ ပုဂ္ဂလိကကျောင်း ၅ ကျောင်း ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)