ချမ်းအေးသာစံ နိုဝင်ဘာ ၃၀
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစပြီး မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်း၊ ၂၈လမ်း နှင့် ၂၉လမ်းကြားတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်အတွင်း နိုဝင်ဘာလ ၂၉ရက်နေ့တွင် နံနက် ၉နာရီက ချမ်းအေးသာစံ မြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၂၆ လမ်း ၊ ၇၃လမ်းနှင့် ၇၄လမ်းကြားတွင် စစ်ဆေးဆောင်ရွက်ခဲ့ ပြီး ညနေ ၃နာရီက ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ လမ်း ၃၀ ၊ ၆၈လမ်းနှင့် ၇၀ လမ်းကြားတွင် လည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ချမ်းအေး သာစံမြို့နယ်၊ ၂၆ လမ်း ၊ ၆၆လမ်းနှင့် ၆၈လမ်းကြားတွင်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ၇၈ လမ်း ၊ ၂၉လမ်းနှင့် ၃၀ လမ်းကြားတွင် လည်းကောင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယာဉ်မောင်းသူများအနေဖြင့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမှာ ဖြစ်ပြီး မော်တော် ယာဉ်စီးနင်းအသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင် မောင်းနှင်စီးနင်းရမည်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်းရမှာဖြစ်ပြီး ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊မော်တော် ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမို စီးနင်းခြင်းမပြုရ စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် အမျိုးသားနှစ်ဦးမစီးရ၊အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊ အမျိုးသမီးနှစ်ယောက် စီးနိုင် သည်၊ အမျိုးသားနောက်တွင် အမျိုးသမီး စီးနိုင်သည်၊ အထက်ပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ် ကြောင်း သိရသည်။
ထိပ်ထားနိုင်