ကျောက်ဆည် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများသည် နေ့စဉ် ဝင်ငွေရရှိမည့် ကန်စွန်း၊ ချဉ်ပေါင်၊ ပဲတောင့်ရှည်၊ ခရမ်း၊ ဗူး၊ ကြက်ဟင်းခါး၊ စသည့် ဟင်းသီးဟင်းရွက် အပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ရေပြစ်ကျေးရွာတွင် စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရုံးပတီပင်သည် ရေကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် သာဘာဝနွားချေးနှင့် မြေကို ကောင်းစွာပြုပြင်ထားကာ ရေသွင်းရာတွင် လွယ်ကူစေရေးအတွက် မြေဘောင်များ ဦးစွာပြုလုပ်ထား ရကြောင်း၊ စိုက်ပျိုးရာတွင် နေရောင်ခြည်ကောင်းစွာ ရရှိစေရေးအတွက် တစ်ပင်နှင့်တစ်ပင် (၂)ပေခန့် ခြားပြီး စိုက်ပျိုးသင့်ကြောင်း၊ မြေအစိုဓာတ်မပြတ် ရေသွင်းပေးခြင်း၊ ဆေးဖျန်းပေးခြင်းများလည်း ဆောင်ရွက်ရကြောင်း စိုက်ပျိုးပြီး တစ်လအကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း သိရှိရသည်။
ရုံးပတီ (၀.၅၀)ဧက စိုက်ပျိုးမည်ဆိုပါက မိသားစုလုပ်အားဖြင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ပြီး သွင်းအားစုနည်းကာ ခူးဆွတ်ရောင်းချရာတွင် (၁)ရက်ခြား ခူးဆွတ်၍ အချိန်(၂)လအထိ ခူးဆွတ် ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရုံးပတီ စိုက်တောင်သူ ဦးအောင်သင်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)