မတ္တရာ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မြို့နယ်လုံခြုံရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံခြုံရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ မြို့နယ်လုံခြုံရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်း ဆပ်ကော်မတီတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ အများပြည်သူလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာ ယာရေးအတွက် ဆိုင်ကယ် စီးနင်းရာတွင် လိုက်နာရမည့် ဒေသန္တရအမိန့်များ လိုက်နာမှု ရှိ/မရှိ၊ လိုင်စင်မဲ့မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ယာဉ်သက်သေခံကတ်ပြားများ၊ မော်တော်ဆိုင်ကယ် စီးသူများ ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်မောင်းနှင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် ကိုဗစ်၁၉ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်/ညွှန်ကြားချက်များနှင့် အညီ ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာရေး စစ်ဆေးပြီး MASK မပါရှိသူများကို MASKများပေးဝေခြင်း၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို စစ်ဆေးရေးဂိတ်တွင် ဆေးထိုးအဖွဲ့မှ ထိုးနှံပေးခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါ စစ်ဆေးအသိပညာပေးခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၃၀ရက်နေ့ အထိ ဆောင် ရွက်သွားမည်ဖြစ်ပြီး ပညာပေးကာလကုန်ဆုံးချိန် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၊ ဒေသန္တရအမိန့်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း မရှိပါက ဒဏ်ငွေပေး ဆောင်စေခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)