နမ္မတူ နိုဝင်ဘာ ၂၉
Women’s LEAD အဖွဲ့မှ ဦးဆောင်၍ နမ္မတူမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက် ဆိုင်ရာ အသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုင်ဂျာကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေ့ဦးစွာ Women’s LEAD အဖွဲ့မှ ဒေါ်ခင်ဌေးလွင်က အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် (၁၆)ရက်တာ လှုပ်ရှားမှု သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး၊ ဘော်တွင်း အလုပ် သမားအဖွဲ့အစည်းမှ ဒေါ်စန်းစန်းနုက အိမ်တွင်းအကြမ်းဖက်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ဆိုင်ဂျာကျေးရွာမှ ကချင်တိုင်းရင်းသူလေးများက တေးသရုပ်ဖော်အကဖြင့် ဖျော်ဖြေ တင်ဆက်ပြီး မြန်မာ့ပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေးအသင်း (MESCA)မှ ဒေါ်ဂျာကိုင်က လူ့အခွင့် အရေး ချိုးဖောက်ခံရသူများအား မှတ်တမ်းရယူခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး၊ Women’s LEAD အဖွဲ့မှ ဒေါ်အဲမေက အမျိုးသမီးများနှင့် အိမ်တွင်း အကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ပရဟိတ အသင်းအဖွဲ့များ၊ အရပ်ဘက်ဆိုင်ရာအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင် များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)