ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များ၌ Mask Campaign ပြုလုပ်

ဗန်းမော်       နိုဝင်ဘာ      ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များ၊ မြို့တွင်း၌ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဗန်းမော်ခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေး၊ ဗန်းမော်မြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်၊ ဗန်းမော်ခရိုင်ပုဂ္ဂလိကပိုင် မော်တော် ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဖေနှင့်အဖွဲ့၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်တပ်ဖွဲ့ဝင်များတို့သည် ဗန်းမော်မြို့ရှိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေး တော်မော်ယာဉ်ဂိတ်များသို့ ခရီးသွား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခြင်းကို လည်းကောင်း၊ ဗန်းမော်မြို့၌ သွားလာနေသည့် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရေး အသိပညာပေး၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စုစုပေါင်း(၁ဝဝဝ)ခုကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)