စစ်တွေမြို့နယ်၌ သစ်သီးဝလံ အခြေခံစားသောက်ကုန် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ

စစ်တွေ နိုဝင်ဘာ ၂၉

စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးဝလံအခြေခံစားသောက်ကုန် ပြုလုပ်နည်း သင်တန်းကို စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာတွင် ရက် ၂၀ ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

သစ်သီးဝလံအခြေခံစားသောက်ကုန် ပြုလုပ်နည်းသင်တန်းတွင် ခရမ်းချဉ်သီး အလုံးလိုက်ယိုပြုလုပ်နည်း၊ နာနတ်ယို ပြုလုပ်နည်း၊ သင်္ဘောသီးချိုချဉ်ယိုပြုလုပ်နည်း၊ သရက်သီးယိုပြုလုပ်နည်း၊ ကျောက်ဖရုံသီးယိုပြုလုပ်နည်း၊ ငရုပ်သီး ဆောစ်ပြုလုပ်နည်း၊ ခရမ်းချဉ်သီးဆောစ်ပြုလုပ်နည်း၊ အသင့်သောက် မန်းကျည်းဖျော်ရည်ပြုလုပ်နည်း၊ သံဖရာသီး ဖျော်ရည်ပြုလုပ်နည်း၊ ကြက်ဥမြေပဲပါ ကျော်ပြုလုပ်နည်း၊ အာလူကျော်ပြုလုပ်နည်း၊ Crepe Cake ပြုလုပ်နည်း၊ Chiffon Cake ပြုလုပ်နည်း၊ Cookies ပြုလုပ်နည်းနှင့် ပြောင်းဖူးပေါက်ပေါက် ပြုလုပ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိ သည်။

အဆိုပါ သင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာများက နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)