ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် သံပုယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

ကျောက်ဆည် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါးအပြင် ကိုင်း၊ ကျွန်းမြေများနှင့် ယာမြေအချို့တွင် နေ့စဉ်ဝင်ငွေရရှိမည့် ကာလတို ဟင်းသီးဟင်းရွက် အပင်များနှင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး ဥယျာဉ်ကျေးရွာမှ သံပုယိုစိုက်ပျိုးသူများ အသီး သီးနှုန်းကောင်းပြီး သံပုယိုသီးဈေး အရာင်းအဝယ်သွက်လာသောကြောင့် အဆင်ပြေလျက်ရှိကြောင်း သံပုယိုခြံ စိုက်ပျိုးသူတစ်ဦး ထံမှ သိရှိရသည်။

သံပုယိုစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး နေရာင်ခြည်ကောင်းစွာ ရရှိစေရန်အတွက် တစ်ပင်နဲ့ တစ်ပင် (၁၈)ပေခြားပြီး အတန်းလိုက် စိုက်ပျိုးရကြောင်း၊ သံပုယိုအပင်များ ငယ်ချိန်တွင်  ကာလတို သီးနှံများ ကို သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရကြောင်း၊ ကိုင်းကူးအပင် စိုက်ပျိုးပါက စိုက်ပျိုးပြီး တစ်နှစ်ကျော်တွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မြေအစိုဓာတ်မပြတ် ရေသွင်းပေးပြီး လိုအပ်သည့် အချိန် တွင် မြေဩဇာကျွေးပေးခြင်း၊ ကိုင်းအခြောက်များ ရှင်းပေးခြင်းဖြင့် အပင်များ ကောင်းစွာဖြစ်ထွန်းပြီး အသီး သီးနှုန်းလည်း ကောင်းမွန်ကြောင်း ဥယျာဉ်ကျေးရွာမှ သံပုယိုခြံပိုင်ရှင် ဦးဝင်းနိုင်က ပြောပြသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ သံပုယိုခြံပိုင်ရှိသူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော သံပုယိုအပင်များ၏ အသီး သီးနှုန်းမှုအပေါ် မူတည်ကာ ခူးဆွတ်ရောင်းချလျက်ရှိရာ အသီးအရွယ်အစားအလိုက် အသီးတစ်လုံးလျှင် ငွေကျပ်(၅)ကျပ်မှ (၁၀)ကျပ်အထိ ရောင်းချရပြီး သံပုယိုအပင် (၂၀၀) စိုက်ပျိုးထားပါက အပင်ကောင်း၍ အသီးထွက်ပါက (၂)ရက်ခြား အလုံး(၅၀၀)ခန့် ခူးဆွတ်ရောင်းချရသဖြင့် သံပုယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)