ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ငါန်းဇွန် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မန္တလေး-မြို့သာစက်မှုဉယျာဉ်မြို့တော် MIDCC ရုံးခန်း၌ စက်မှုဇုံအတွင်းရှိ ကျေးရွာအုပ်စုများမှ ပြည်သူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက စက်မှုဇုံအတွင်းရှိ ကျွဲဇိမ်ကျေးရွာအုပ်စု၊ သံဘိုကျေးရွာအုပ်စု၊ မင်းနေကုန်း ကျေးရွာအုပ်စု၊ ပေါက်စိမ်းကျေးရွာအုပ်စု၊ ဖြူတွင်းကုန်းကျေးရွာအုပ်စု၊ အိုင်သာကျေးရွာအုပ်စု၊ ကောင်းဇင် ကျေးရွာအုပ်စုနှင့် လက်ပံကျင်းကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း ၂၃ ရွာတို့မှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် MIDCC ရုံးမှ တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။          

သက်နောင်ဦး(ငါန်းဇွန်)