တာလေမြို့တွင် ဆောင်းသီးနှံ အစေ့ထုတ်ပြောင်း စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ

တာလေ နိုဝင်ဘာ ၂၉  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဆောင်းရာသီ စိုက်ပျိုးသီးနှံအဖြစ် ဒေသအတွင်း ​အစေ့ထုတ်ပြောင်းများ စိုက်ပျိုးကြရာ ပြောင်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

မိုးရာသီအတွင်း အစေ့ထုတ်ပြောင်း (၂၈၀) ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး ယခုဆောင်းရာသီ၌ အစေ့ထုတ်ပြောင်း (၇၆)ဧက စိုက်ပျိုးနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် အစေ့ထုတ်ပြောင်း စံပြစိုက်ကွက်အား နားယောင်းကျေးရွာအုပ်စုအတွင်း နားယောင်းကျေးရွာရှိ တောင်သူ ဦးအိုက်ယီ၏ ယာခင်း၌ စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရ သည်။

တာလေမြို့တွင် ဒေသအတွင်း ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍမှ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာသီအလိုက် တောင်သူများ၏ စီးပွားရေးတွက်ခြေကိုက်သည့်  သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ဝင်ငွေရရှိစေရေး၊ သီးနှံစိုက်ပျိုးစွမ်းအားများ တိုးတက်လာစေရေးနှင့် ဈေးကွက်အလားအလာ ကောင်းသည့် သီးနှံများ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေး ဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ်မိုးစပါးများ သိမ်းပြီးလျှင် ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ ပဲပုတ်၊ မြေပဲစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးကြခြင်းဖြင့် တစ်နှစ် (၃)သီး စိုက်ပျိုးပြီး ဒေသခံတောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေကြောင်းနှင့် ယခုနှစ် ဆောင်းအစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ကျော်မိုး(ပြန်/ဆက်)