Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် လှည့်လည်၍ စားသောက်ကုန် ရောင်းချဆိုင်များအား နမူနာကောက်ယူပြီး ချက်ချင်းဓာတ်ခွဲစမ်းသပ်စစ်ဆေး

ဗန်းမော် မတ် ၁၈

ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ အစားအသောက်များကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိကို Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် ဗန်းမော်မြို့ရှိ စားသောက်ကုန် ရောင်းချဆိုင်များ၌  အစားအသောက် နမူနာကောက်ယူ၍ ချက်ချင်း ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၁)ဈေးနှင့် ပေါက်ကုန်း ရပ်ကွက်ရှိ ကုက္ကိုလ်တော်ဈေး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ခွဲစမ်းသပ် စစ်ဆေးဆောင်ရွက်ရာတွင် ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၂ ဒေါ်ခင်ခင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်ဟေမာန်ထွန်း ဒု-ကြီးကြပ်ရေးမှူး (အစားအသောက်) နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးမောင်မောင်ဌေးတို့က ဗန်းမော်မြို့ အမှတ်(၁)ဈေးတွင် စားသောက် ကုန် ရောင်းချဆိုင်(၁၅)ဆိုင်မှ ရောင်းချနေသော အစားအသောက်ကုန် နမူနာ(၂ဝ)မျိုးကို လည်းကောင်း၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ ကုက္ကိုလ်တောဈေးတွင် ရောင်းချနေသော စားသောက်ကုန်ရောင်းချဆိုင်(၁၃)ဆိုင်မှ အစားအသောက်နမူနာ(၁၈)မျိုး တို့ကို ဝယ်ယူ၍ စားသုံးရန်သင့်မသင့် Mobile Laboratory Van(ရွေ့လျားဓာတ်ခွဲယာဉ်)ဖြင့် ချက်ချင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခြင်းများ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ကိန်း (ဗန်းမော်)