နေပြည်တော် နိုဝင်ဘာ ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ အမှတ် (၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အမှတ် (၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တပ်ရင်းမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးဦးစန်းလွင်က လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက် မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိ သူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၆)ကတ် ကို တပ်ရင်းတပ်ဖွဲ့မိသားစုများထံ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အမှတ်(၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူး ၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝင်းထင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)