ကျောက်ဖြူ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သည့် ပေါ်တော်မူ ကံ့ကော်တောဘုရားသို့ ရုံးပိတ်ရက်ရှည် အားလပ်ရက်များတွင် ဘုရားဖူးရန် လာရောက်ကြသည့် ဘုရားဖူးပြည်သူများအား စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါဘုရားသို့ သွားရောက်၍ Mobile Library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည် ဦးဆောင်လမ်းညွှန်မှုဖြင့် တာဝန်ရှိဝန်ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဘုရား ဖူးလာရောက်ကြ သည့် ပြည်သူများမှ ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။
ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယင်းသို့ Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပြုလုပ် သွားမည်ဖြစ်ပြီး စာအုပ်၊ စာပေ ငှားရမ်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)