ပေါက်တော နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် (၁၀) နာရီက ဆက်လက်ထိုးနှံပေးသည်။
အဆိုပါ IDPs စခန်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့သို့ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြမည့် ပေါက်တောမြို့နယ်၌ IDPs စခန်း (၅)ခု စုရပ်များဖြစ်သည့် ကြိမ်နီပြင် IDPs စခန်း၊ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁ (IDPs)စခန်း၊ ငှက်ချောင်း-၂ (IDPs)စခန်းများ၌ ခိုလှုံနေကြသည့် ပြည်သူများနှင့် ဆင်တက်မော်(ဘင်္ဂလီ)ပြည်သူများ၊ အနောက်ရဲ(ဘင်္ဂလီ) ပြည်သူများ၊ စစ်ကဲပြင်အထက် (ဘင်္ဂလီ)ပြည်သူများ၊ စစ်ကဲပြင်အောက် (ဘင်္ဂလီ)ပြည်သူများ၊ ကုန်တန်း(ဘင်္ဂလီ) ပြည်သူများနှင့် တောင်ရွာ(ဘင်္ဂလီ) ပြည်သူ စုစုပေါင်း (၈၈၃၁)ဦး အနက် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ဆေးထိုးနှံလာကြသူ စုစုပေါင်း (၄၃၈၀)ဦး ထိုးနှံလာကြပြီး၊ ကျန်ရှိ ပြည်သူများအား နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်သန်း(မြို့နယ် ပြန်/ဆက်)