မက်မန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းကို လုပ်ငန်းဆောင်ရွက်မည့် မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု ကောင်းခွပ် ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မက်မန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်မှ စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်း ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ ရွေးချယ်ပြီး ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းကို ဆွတ်ဝိုးအုပ်စု၊ ကောင်းခွပ်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(IPRD)