ကျောက်တော် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ စေတနာရှင်ပြည်သူများ၊ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါစက်ရုံ အဆောက်အဦရှေ့ ကွင်းပြင် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကျောက်တော်မြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြား ထားသော စေတနာရှင် များနှင့်အလှူရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ စက်ရုံဖွင့်ပွဲ အခမ်းအနားကို ရခိုင်မင်္ဂလာ စည်တော်ဝိုင်းနှင့်တွဲဖက်၍ မင်္ဂလာပိုဒ်စုံရတုသီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျောက်တော်မြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌမှ စက်ရုံတည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အောက်ဆီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စက်ရုံတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကျန်းမာရေး ဦးစီးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကာ အဆိုပါစက်ရုံအား တက်ရောက်လာသော တာဝန်ရှိသူများက အမွှေးနံသာရည်များ ပက်ဖျန်းပေးပြီးနောက် စက်ရုံအတွင်း ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။ ဆက်လက်ပြီး စက်ရုံတည်ဆောက်ရာတွင် ပါဝင်ကူညီဆောင်ပေးခဲ့ကြသော အသင်းအဖွဲ့များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီး အဆိုပါ အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာဆန့် ဗူးကြီး ၈၀ ဘူး အားထုတ်လုပ်ပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန် း(ပြန်/ဆက်)