ကာမိုင်းမြို့ ပေ ၉၀၀ တံတား အောက်ခြေ ရေတိုက်စား၍ ပျက်စီးခဲ့သည့်နေရာအား ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကာမိုင်း နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဧရိယာအတွင်း ကာမိုင်း-လဝါးသွား ကားလမ်းမ ပေါ်ရှိ ပေ(၉၀၀)တံတား အောက်ခြေသည် မိုးတွင်းကာလဖြစ်သည့် အောက်တိုဘာ(၂၂)ရက်နေ့က ချောင်းရေတိုက်စား၍ တံတားချဥ်းကပ်ကားလမ်း အနံ(၂၀)ပေ၊ အလျား(၂၀)ပေခန့် ပျက်ကျခဲ့သဖြင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအား အဆက်ပြေ‌ချောမွေ့စေရန် ပေ(၄၀)အရှည် ယာယီတံတား ထိုးခဲ့သည့် နေရာနှင့် ချောင်းရေတိုက်စားမှုကြောင့် နန့်ကောင်းချောင်းကမ်းပါးပြိုကျမှု အခြေအနေများကို ကချင်ပြည်နယ် တံတားအထူးအဖွဲ့(၁)မှ DSE ဦးစောဇာနည်လှ၊ ကချင်ပြည်နယ် မြစ်ချောင်းများ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်မှူး ဦးစိန်လွင်ပါဝင်သည့် အဖွဲ့ဝင်(၅)ဦးတို့က နိုဝင်ဘာ(၂၇)ရက် နံနက်(၁၀) နာရီခန့်တွင် ကာမိုင်းမြို့သို့ ရောက်ရှိကာ မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ မြို့လမ်းဦးစီးဌာန တာဝန်ခံ JE ဦးဘုန်းနိုင်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့နှင့် အတူ အဆိုပါနေရာအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ချောင်းရေ တိုက်စားမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး တံတားအထူးအဖွဲ့(၁)မှ တံတားတိုင်နှင့် ချဉ်းကပ်ကားလမ်းတို့အား တိုင်းတာခြင်း၊ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချောင်းကမ်းပါးပြို ကျသည့် နေရာတို့အား တိုင်းတာခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ပြီး လိုအပ်သည်များကို‌ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာမိုင်း(ပြန်/ဆက်)