မတ္တရာမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

မတ္တရာ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင်   ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် မတ္တရာမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး  ဒေါ်မေသူမြင့်က Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး သုံးဆယ်ပေး (အ.ထ.က)မှ ကျောင်းအုပ် ဆရာကြီး ဦးဇော်ထွန်းဦးက ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ်သည် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် စတင်လိုက်သည့် အမျိုးသားတော်လှန်ရေး ကြီးပင်ဖြစ်ကြောင်း၊ အမျိုးသားတော်လှန်ရေးကြီးမှစ၍ ဝံသာနုစိတ်ဓာတ်အရင်းခံကာ အမျိုးသားစည်း လုံးညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးသည့်တိုင် တန်ဆောင်မုန်းလဆုတ် ၁၀ ရောက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် အသိမှတ်ပြုခဲ့ပြီး နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ကို ကျင်းပပြလုပ်ခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မတ္တရာမြို့နယ်ရုံးအနေဖြင့် ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စာဖတ်ခြင်းနှင့် အသိပညာပေး အစီအစဉ်များကို မတ္တရာမြို့နယ် ပြည်သူ့စာကြည့် Page တွင် နေ့စဉ်အွန်လိုင်းမှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)