ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည်၊  နိုဝင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ အရောင်းအဝယ် ကောင်းပြီး ဈေးနှုန်း သင့်တင့်သောကြောင့် အဆင်ပြေလျက်ရှိကြောင်း ကုလကျေးရွာမှ ကီလိုမာလကာစိုက်ပျိုး ရောင်းချသူ ဦးအောင်မြင်ထံမှ သိရှိရသည်။

ကီလိမာကာစိုက်ပျိုးရောင်းချခြင်းများနှင့် ပတ်သတ်၍ “ကျွန်တော်က စပါးကိုအဓိကထားစိုက်ပျိုးတာပါအဲ့လို စိုက်ပျိုးလာရင်းနဲ့ နေ့စဉ်ဝင်ငွေရဖို့ အခြားသီးနှံလေးလည်းစိုက်ရင် အဆင်ပြေမှာဘဲဆိုပြီး ကီလိုမာလကာစိုက်ပျိုး ထားတာပါ။ မာလကာပင်က ပျိုးပင်လည်းစိုက်လို့ရသလို ကိုင်းကူးလည်း စိုက်လို့ရပါတယ်။ ပျိုးပင်စိုက်တော့ အသီးသီးတာ(၄)နှစ်ကျော်မှသီးတာပေါ့ ကျွန်တော်စိုက်ထားတာက ကိုင်းကူးမျိုးပါ။ ကိုင်းကူးမျိုးက စိုက်ပြီး(၁)နှစ် ကျော်ရင် အသီးစသီးပြီး ခူးဆွတ်ရောင်းရပါတယ်။ မာလကာပင်တွေက ရေကြိုက်တော့အစို ဓာတ်မပြတ်အောင် ရေသွင်းပေးရပါတယ်။ ရေဝပ်တာလည်းမကြိုက်လို့ မြေဘောင်တွေပြုလုပ်ပြီး တစ်ပင်နဲ့တစ်ပင်၊ တစ်တန်းနဲ့ တစ်တန်း(၁၂)ပေခြားပြီး စိုက်ပျိုးထားတာပါ။ အဲ့လိုစိုက်ပျိုးမှ ကိုင်ဖြာထွက်နှုန်းနဲ့၊အပင်နေရောင်ခြည် အပြည့်အဝ ရပြီး လေဝင်လေထွက်ကောင်းကာ အသီးလည်းထွားပြီး ရောင်းပန်းလှကြောင်း” ဦးအောင်မြင့်က ပြောပြသည်။

ယခုအခါ ကီလိုမာလကာဝယ်ယူသူများမှ စိုက်ခင်းနေရာအထိ လာရောက်ပြီး အသီးတစ်လုံလျင် ငွေကျပ်(၁၅၀)မှ (၂၂၅)ကျပ်အထိ လာရောက်ဝယ်ယူလျက်ရှိသောကြောင့် ကျောက်ဆည်မြို့နယ်အတွင်းမှ ကီလိုမာလကာ စိုက်ပျိုး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)