ကျောက်တန်း နိုဝင်ဘာလ ၂၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ ရွှေမှော်ဝန်းသာသနာ့ဗိမာန်ဝင်းအတွင်း၌ တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောက်တန်းမြို့နယ် အသောကရာမ ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်နာယကဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိလာသမှ ကြည်နူးဝမ်းမြောက်ဖွယ်မုဒိတာစကား မိန့်ကြားချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းခန့်အောင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့မိမြို့ဖ ဦးချန်စိန်က ဂုဏ်ပြုဝမ်းမြောက်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။ ယင်း နောက် ကျောက်တန်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ စိတ္တသုခကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပညာထံမှရေစက်ချ အနုမောဓနာတရား နာယူကြည်ညို၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှ ပရိတ်တရားတော် များ ရွတ်ပွားပူဇော်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံနှင့်ပတ်သက်ပြီး “စက်အမျိုးအစားကတော့ Generator 20 Nm3စက် အမျိုးအစား ဖြစ်ပါတယ်၊ ကျောက်တန်းမြို့နယ်အတွက် ဒုတိယမြောက်စက်ရုံဖြစ်ပြီး ယခင်ကလည်း အလှူရှင် မောင်နှမ တစ်စု၏ လှူဒါန်းမှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းမှာ စက်ရုံတစ်ရုံ တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်ပါ တယ်၊ ယခု စက်ရုံကတော့ မြို့နယ်ပြည်သူများ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ပါတယ်၊ လှူဒါန်း ငွေ စုစုပေါင်း ကျပ်သိန်း (၁၈၈၇,57000/-) လှူဒါန်းရရှိပါတယ်၊ စက်ရုံတည်ဆောက်ခြင်းနှင့် အခြား ဆက်စပ် လုပ်ငန်းများအတွက် စုစုပေါင်း ကျပ်သိန်း (1537,63700/-)တစ်ထောင့် ငါးရာသုံးဆယ့်ခုနစ်သိန်း ခြောက်သောင်း သုံးထောင့် ခုနစ်ရာတိတိ ကုန်ကျပြီး ကျန်ရှိတဲ့ အလှူငွေများကိုတော့ လိုအပ်တဲ့အခါ အသုံးပြုနိုင် ရန် စနစ်တကျ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အောက်ဆီဂျင် ထုတ်လုပ်နိုင်မှုအနေနဲ့ ကတော့ တစ်ရက် လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုးပေါင်း ၇၅ လုံးခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပါတယ်” ဟု ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ်၏ ပြောပြချက်အရ သိရသည်။
မြို့နယ် ပြန်/ဆက်