ညောင်ဦး နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများနှင့် သစ်ထောင့် ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများ မြေအောက်ရေသွင်းပြောင်းဖူးစိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းမြင့်ဆုံးရောင်းချနေရကြောင် သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာ များသည် မြေအောက်ရေဖြင့်စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ အဆိုပါ စိုက်ခင်းများမှထွက်ရှိသည့် ပြောင်းဖူးများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင်း အနီးအနားမြို့များသို့သာ ရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့် ပြောင်းဖူး များပြားနေပြီး ဈေးနှုန်းမရရှိဖြစ်နေရာမှ ဇွန်လတွင် ပြောင်းဖူးဈေးနှုန်းများ တက်လာ ခဲ့ကြောင်း ပြောင်းဖူးစိုက်တောင်သူများကပြောကြားသည်။ကျွန်တော်တို့ ညောင်ဦး မြို့နယ် လက်ပံခြေပေါ်ကျေးရွာတွေဟာ စိုက်ပျိုးရေးလုပ် ငန်းတွေကိုစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် ကြပါတယ်။
သီးနှံ စိုက်ပျိုးလုပ်ကိုင်ကြတဲ့အခါမှာလည်း မြေအောက်ရေကိုတွင်းတူးပြီး ရေထုတ်ယူကာ ရေသွင်းစိုက်ပျိုးကြောင်း၊ ကိုယ်ပိုင်ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန် လုပ်ကိုင်၍ ရကြောင်း ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများမြေအောက်ရေဖြင့် စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းကာ ဈေးနှုန်းများလည်းပြန်လည် ရရှိခြင်း ကြောင့်တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများမှပြောကြားသည်။
ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာလတွင် ပြောင်းဖူးစိုက်ပျိုး တောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၈၀ကျပ်သာ ရောင်းချခဲ့ရရာမှ ဇွန်လအတွင်း အခြားမြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက် ဝယ်ယူမှု များပြားခဲ့ရာ ဆယ်ဖူးဈေး ၈၀၀ကျပ်ရှိခဲ့ရာမှ ယခုလအတွင်း ဆယ်ဖူဈေး ၁၆၀၀ကျပ်နှုန်းရောင်း ချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ ဈေးနှုန်းရရှိနေပြီး ဆင်ပြေနေကြကြောင်း ဦးညိုမင်းကရှင်းပြ ၍သိရသည်။
ကိုထိန်၊KPD