မလှိုင်မြို့၌ (၁၀၁)နှစ်မြောက်၊ “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပ

မလှိုင် နိုင်ဝင်ဘာ ၂၈ 

၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့” အထိမ်း အမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် (၁၀၁)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့”အထိမ်းအမှတ် အခြေခံပညာအဆင့် ကျောင်းပေါင်းစုံမှ ကျင်းပပြုလုပ်သော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများဆု ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အတွင်းရေးမှူး ရဲမှူး ထိန်လင်းမောင်နှင့် တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆုရကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဌေး