ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး၏ ရှာဖွေကယ်ဆယ် ရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဇမ္ဗူသီရိ နိုဝင်ဘာ ၂၈

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား သဘာဝ ဘေးအန္တရာယ်အပါအဝင် ရုတ်တရတ်မတော်တဆ ဖြစ်ပွားသော ဘေးအန္တရာယ်များ ကျရောက် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ နေပြည်တော်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်း အောင်မှ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ဒက္ခိဏခရိုင် မီးသတ် ဦးစီးမှူး၊ ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် သင်တန်းသား စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို (၂၃.၁၁.၂၀၂၁) ရက်နေ့မှ (၂၇.၁၁.၂၀၂၁) ရက်နေ့အထိ (၅) ရက်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ အတွင်း တစ်ဦးချင်းနှင့် တပ်စုအလိုက် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ယာဉ်စက်/ ပစ္စည်းကိရိယာများ လက်တွေ့အသုံးပြု၍ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသားများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် တပ်စု အလိုက်ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။