ဘူးသီးတောင် နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်( ၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံ ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဘူးသီးတောင်မြို့အထက(၁) စာသင်ကျောင်း၌ စုရပ်ထားရှိ ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများက ဆေးထိုးခြင်းမပြုမီ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးပြီး မိနစ် (၃၀)ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပြီးသူ (၇၅၀၄)ဦး နိုဝင်ဘာလ ၂၂ရက်နေ့မှ စတင်၍ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ကျန်ရှိနေသည့် ကျောင်းသား/ ကျောင်းသူများအား စုရပ်များထားရှိကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှကျော်