ပျဉ်းမနား နိုဝင်ဘာ 2၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအရောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည် များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ် ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း Maskကို စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များအား လိုက်လံ အသိပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။