မြစ်သားမြို့၌  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ  ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဖွင့်လှစ်

မြစ်သား    နိုဝင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ် ကြက်ခြေနီအသင်း ခွဲမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်း Trauma First Aid Training ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကြပ်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ Dr သိန်းထွန်းဆောင်က  အဖွင့် အမှာစကား ပြောကြားသည် ။  ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်မှပေးအပ်သော Oxygen Cylinders များ၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်  အင်္ကျီများ၊ ဦးထုပ်များ၊ နှာခေါင်း စည်း များအား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းတပ်ဖွဲ့မှူး တို့က မြစ်သားမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ထိခိုက်ဒဏ်ရာပြုစုခြင်း၊ လူအများအပြားထိခိုက်ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲ ခြင်း၊ဦးစားပေးလူနာရွေးချယ်ရွေးချယ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ပြုစုစောင့်ရှောက်ခြင်း၊ မျက်ရည်ယိုဓါတ်ငွေ့ထိခိုက်သူအား ရှေးဦးပြုစုခြင်း၊ စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းခြင်း၊ အရေးပေါ် အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသည့်လူနာကို ပြုစုစောင့်ရှောက်ပေးခြင်း၊ ရှေးဦးပြုစုသူ၏အခန်း ကဏ္ဍတာဝန်ဝတ္တရားများ၊ ရှေးဦးပြုစုခြင်းစခန်းနှင့် ရှေးဦးပြု စုခြင်းအဖွဲ့အတွက် ဆောင်ရွက် ရမည့် အချက်အလက်များ၊ရှေးဦးပြုစုသူများအတွက် ဘေးကင်းလုံခြုံမှု စသည့် သင်ခန်းစာများကို နိုဝင်ဘာ (၂၇)ရက်နေ့မှ(၂၈)ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ(၂၅)ဦးဖြင့် သင်တန်းကို(၂)ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ကြပ်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ Dr သိန်းထွန်းဆောင်၊ တိုင်းတပ်ဖွဲ့မှူးဦးကျော်ကျော်၊ ကျောက်ဆည်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်သင်းပျံ့ ကြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်သူနာပြုတပ်ဖွဲ့ဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။

မြမြမွန် (မြစ်သား)