မလှိုင် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဝါ မျိုးယှဉ်ပြိုင် စိုက်ခင်းကွင်းသရုပ် ပြပွဲကို ယမန်နေ့က သပြေပင် ကျေးရွာ ၊ ကွင်းအမှတ် ( ၄၄၄ ) ၊ ဦးပိုင်အမှတ် (၈၉)ရှိ တောင်သူ ဦးလှထွန်း၏ ယာမြေတွင် စိုက်ပျိုးထားသော စံပြစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းယုက ဝါမျိုးယှဉ်ပြိုင် စိုက်ခင်းတွင် ငွေချည်(၆) ၊ ငွေချည်(၁၁)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁ဝ) ဝါမျိုး(၄)မျိုး ယှဉ်ပြိုင် စိုက်ပျိုးထားရှိကြောင်း ၊ ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ဝါမျိုး တစ်မျိုးခြင်းစီ၏ လက္ခဏာ များ၊ အပင်ဖြစ်ထွန်းမှု အခြေအနေနှင့် အထွက်နှုန်း အခြေအနေများကို တက်ရောက်လာသော တောင်သူများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်သူများအား အောင်မြင်ဖြစ်ထွန်း နေသည့် ဝါမျိုး ယှဉ်ပြိုင် စံပြ စိုက်ခင်းအတွင်း လက်တွေ့ကွင်းဆင်း ကြည့်ရှုလေ့လာ စေခဲ့သည်။ ယင်းနောက် မိမိတို့ဒေသ ရေမြေ ရာသီဥတုနှင့်ကိုက်ညီပြီး အထွက်ကောင်းသည့် မိမိတို့ ကြိုက်နှစ်သက်သည့် ဝါမျိုးကို ကြိုက်နှစ်သက်ရသည့်အကြောင်းရင်းများနှင့် မကြိုက်နှစ်သက် ရသည့်အကြောင်းရင်းများကို ဖေါ်ပြ ၍ တောင်သူ တစ်ဦးချင်းမှ စီစစ်ရွေး ချယ်ပေးရန် အကြံပြု လွှာများပေးအပ်ခဲ့ပြီး သဘောထားများ တောင်းခံခဲ့သည်။
တောင်သူများ၏ အကြံပြုစာများအရ ရွှေတောင် (၁ဝ) ဝါမျိုးကို ကြိုက်နှစ် သက်မှုအများဆုံးရှိ ကြောင်းသိရပြီး ကြိုက်နှစ်သက်ရသည့် အကြောင်းရင်းမှာ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိခြင်း၊ အပင် ဖြစ်ထွန်းမှုနှင့် အထွက်နှုန်း ကောင်းမွန် ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ ဒုတိယအနေဖြင့် ရွှေတောင်(၈) ဝါမျိုးကို ကြိုက်နှစ်သက်ကြကြောင်း သိရသည်။ အဆိုပါ ဝါ မျိုးယှဉ်ပြိုင် စိုက်ခင်း ကွင်းသရုပ်ပြပြွသို့ရေချိုဘူတာအုပ်စု၊ ဆည်ကြီးကျေးရွာနှင့် သပြေပင် ကျေးရွာများမှ ဝါစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြကြောင်းသိ ရသည်။ အောင်ဌေး(မလှိုင်)