မိုင်းကိုင် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့မနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့က မီးဘေး လုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းမှုတွင် မြို့မဈေးအတွင်း နှင့် ဈေးပတ်လည်တွင်ရောင်းချနေသော ဈေးဆိုင်များတွင် မီးချိတ် မီးကပ် သဲပုံး ရေပုံးများ ထားရှိရေး၊ ဈေးဆိုင်တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိရေး၊ ဈေးအတွင်း မီးသတ်ရေကန်အား ရေဖြည့်တင်းဆောင်ရွက်မှု၊ ဈေးပတ်ဝန်းကျင်အမှိုက်သရိုက်များ ရှင်းလင်းရေး၊ ဈေးဆိုင်များတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များအား စစ်ဆေးခြင်းများကို ကွင်းဆင်းစစ်ဆေးကာ မီးဘေးလုံခြုံရေး အသိစိတ်များနိုးကြားစေရေး ဆွေးနွေး မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)