ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  နိုဝင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက်ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သင်ပျိုကျေးရွာများတွင် ငှက်ပျော အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပြီး မြေစိုကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျော စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျော အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မိုးဦးရာသီ၌ အများဆုံးစိုက်ပျိုးကြကြောင်း “မိုးဦးရာသီစိုက်တော့ မိုးရေ နဲ့ မြေအစိုဓာတ်ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာ အပင်သန်ပြီး ငယ်ရွယ်သည့် ငှက်ပျောစို့အပင်ငယ်များ ရွေးပြီးစိုက်ပျိုးမှသာ ငှက်ပျောအဖီးများသည့် အခိုင်များထွက် ရှိမှာ ဖြစ်ကြောင်း အပင်အပြုအစုကောင်းပါက စိုက်ပျိုးပြီး(၁၀)လအကြာတွင် ငှက်ပျောခိုင်များ စတင် ထွက်ရှိကြောင်း၊ အနောက်ငါးဆူကျေးရွာမှ တောင်သူဦးမောင်မောင်စိုးက  ပြောပြသည်။

တောင်သူများအနေဖြင့် ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်းစိုက်ပျိုးခြင်းနှင့် နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးခြင်းဟူ၍  နှစ်မျိုးစိုက်ပျိုးကြကြောင်း (၂)ပင်တန်း(စွယ်စုံ)နည်းဖြင့် စိုက်ပျိုးမည်ဆိုက မြေ တစ်ဧကတွင် အပင်ရေ(၈၀၀)ခန့်ဝင်ဆန့်ကြောင်း၊ ရောင်းချရာတွင် ငှက်ပျော(၆)ဖီးပါ ငှက်ပျောအခိုင် (၄၀)အား လှည်းတစ်စီး အဖြစ်သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်ကြရကြောင်း၊ ငှက်ပျောတစ်ဧက တွင် ငှက်ပျောကောင်းပါက လှည်း (၁၈)စီးအထိ ထွက်ရှိကြောင်းနှင့် ရောင်းဈေးအနေဖြင့် ငှက်ပျော အခိုင်လှပမှုနှင့် နယ်မြေဒေသအပေါ်မူတည်ကာ ငှက်ပျောလှည်းတစ်စီးအား ငွေကျပ်(၁၁၀၀၀၀)ကျပ်မှ ငွေကျပ်(၁၅၀၀၀၀)အထိ ဈေးအမျိုးမျိုး ရောင်းချရကြောင်း အရှေ့သာဂရကျေးရွာမှ ငှက်ပျောစိုက် တောင်သူ ဦးအောင်မြင့်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)