သီပေါ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မူလတန်းကြိုကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က အမှာစကား ပြောကြားရာတွင် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေး၊ ကလေးသူငယ်များ ဉာဏ်ရည်မြင့်မားမှု ရပ်တန့်မသွားစေရေး၊ ကလေးများ၏ ဉာဏ်ရည်၊ လုပ်ကိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မူလတန်းကြိုကျောင်းများ ပုံမှန်ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ကလေးငယ်များ အဆင်ပြေ ချောမွေ့စွာ သင်ယူနိုင်စေရန် စာသင်ခန်းအတွင်း၊အပြင်ကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း၊ ကလေးငယ်များ စာသင်သောအခန်းကို လေဝင်လေထွက် ကောင်းသောနေရာတွင် ထားရှိရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်နိုင်ရေး၊ သင်ကြားမည့် ဆရာများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းရှိ/မရှိနှင့် ထိုးနှံထားခြင်းမရှိသေးသော ဆရာများအနေဖြင့် ကာကွယ်ဆေး ထိုးနှံရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့ပြီးနောက် ကိုယ်ပိုင်မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်း(၄)ကျောင်းမှ တာဝန်ခံ ဆရာ/ဆရာမများက သင်ကြား၊ သင်ယူမှုအပိုင်းတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)