စာရေးဆရာ ဟန်ညွန့် (ယဉ်ကျေးမှု) ရေးသားသည့် “သူငယ်ချင်းသို့” ကဗျာအား စာဖတ်ဝိုင်း ပြုလုပ်

ဇမ္ဗူသီရိ နိုဝင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု) ရေးသားသည့် ၂၁.၉.၂၀၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ပါရှိသည့် “သူငယ်ချင်းသို့”ကဗျာအား  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် (စာရေးဆရာမဇင်) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရ သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ဟန်ညွန့် (ယဉ်ကျေးမှု) ရေးသားသည့် “သူငယ်ချင်းသို့” ကဗျာအား  စာရေးဆရာဟန်ညွန်(ယဉ်ကျေးမှု)က ကိုယ်တိုင်ဖတ်ကြားခဲ့ပြီး စာရေးဆရာ သဘာဝ၊ စာရေးဆရာ ကိုရင်ကျော်၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာမ မေချို (ပျဉ်းမနား)၊ မောင်လေပြေ (တောင်တွင်း)နှင့် စာပေဝါသနာရှင်များက ကဗျာပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)