စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

စစ်တွေ  နိုဝင်ဘာ ၂၇

စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ  သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က မြေယာ လျော်ကြေးငွေများ ပေးအပ်ရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အလိုက် တစ်ဦးချင်း သီးနှံနှင့်မြေယာ လျော်ကြေးငွေများအား စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ကြပြီး လျော်ကြေးငွေ လက်ခံရရှိသူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မြေယာလျော်ကြေးငွေများ ပေးအပ်ရာတွင် စစ်တွေ-မှန်စီ ကျောက်ချောလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်း ခြင်းခံရသည့် လယ်မြေ ၂ ဒသမ ၀၀ ဧကအတွက် လျော်ကြေးငွေ သိန်း ၆၀ ၊ စစ်တွေ မိဇံရပ်ကွက် မြို့သန့်ရှင်း သာယာ လှပရေးအတွက် သိမ်းဆည်းခံရသည့် မြေ ၀ ဒသမ ၁၂၄ ဧကအတွက် လျော်ကြေးငွေကျပ်သိန်း ၁၇၀ အပါအဝင် ပေါက်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သိမ်းဆည်းခြင်းခံရသည့် လယ်မြေယာအတွက် လျော်ကြေးငွေ ၁၇၃၅ သိန်း၊ ၆ သောင်း ၁ ထောင်၊ စုစုပေါင်း ၁၉၉၀ သိန်း ၆ သောင်း ၁ ထောင်တို့အား လျော်ကြေးငွေအဖြစ်ပေး အပ်ခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)