ကျိုင်းတုံမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲ၊ စာဖတ်ဝိုင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

ကျိုင်းတုံ        နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲ၊ စာဖတ်ဝိုင်းနှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ ကျင်းပသည်။

Talk Show ဆွေးနွေးပွဲတွင် စာပေချစ်မြတ်နိုးသူအသင်း (Book Club) ဥက္ကဋ္ဌ ဦးလှမြင့်နှင့် စာရေးဆရာ ချစ်မိုးလှိုင်(ပြည်) တို့က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်ဆိုင်ရာအကြောင်း၊ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင် နိုင်စွမ်းရှိသည့် ပညာရေးသည် အမျိုသားပညာရေးဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးကြသည်။

ဆက်လက်ပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရှမ်းအရှေ့) တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း (Book Club) ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို ဆွေးနွေးရာ တက်ရောက်လာကြသည့် ရှမ်းချယ်ရီ ပညာရေးပရဟိတဂေဟာ(ကျိုင်းတုံ)မှ  ကလေးများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးပြီး  အမျိုးအသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်စာအုပ်၊ စောင်များ၊ အခြား ဗဟုသုတ ရရှိစေမည့် သုတ၊ ရသ၊ စာအုပ်၊စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးရာ တက်ရောက်လာကြသူများက လေ့လာဖတ်ရှုကြကြောင်းသိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)