(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များအပေါ် အကြံပြုဆွေးနွေးချက်များအား တွေ့ဆုံမေးမြန်း

ဘိုကလေး နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ရွှေမှ ရသစာပေစာရေးဆရာ မောင်လှိုင်မိုရ်အား ယခုနှစ် ရောက်ရှိမည့်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ အပေါ် အကြံပြုဆွေးနွေးချက်များကို ယနေ့နံနက်(၁၁)နာရီတွင် ယခုလို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။   ။မင်္ဂလာပါဆရာ။ ဆရာ့ အမည်နဲ့ ဆရာ့စာပေလှုပ်ရှားမှုများကို မိတ်ဆက်ပေးပါဦး။

ဖြေ။    ။ ဟုတ်ကဲ့၊ ကျွန်တော်နာမည် အရင်းက ဦးလှဦးပါ။ မောင်လှိုင်မိုရ် ဆိုတဲ့ ကလောင်နဲ့ ရသစာပေတွေ ရေးသားနေပါတယ်။

မေး။   ။ ကျောင်းသားလူငယ်များ သိရှိနိုင်ဖို့ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို အကျဉ်းချုပ် ဆွေးနွေးပေးပါဦးဆရာ။

ဖြေ။    ။ အမျိုးသားနေ့ဆိုတာက (၁၂၈၂)ခုနှစ် ပထမကျောင်းသားသပိတ်ကစတင်ပြီး လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့တဲ့ နေ့ထူးနေ့မြတ်ပါပဲ။ အဲ့နေ့ကစပြီး ပြည်သူတစ်ရပ်လုံးက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာပြီး ဝံသာနု စိတ်ဓာတ်ကို အခြေခံကာ စည်းလုံးညီညွတ်မှုတွေနဲ့ လွတ်လပ်ရေးကို အရယူခဲ့တယ်။ အဲ့အချိန်က စပြီး တိုင်းရင်းသား ပြည်သူတွေရဲ့ စိတ်ထဲမှာ အမျိုးသားရေး စိတ်ဓာတ်တွေ ကိန်းအောင်းနေတဲ့ အတွက် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

မေး။   ။ ကျောင်းသားလူငယ်များအပေါ် အမျိုးသားနေ့နဲ့ ပတ်သက်ပြီး ဆရာ အကြံပြု မှာကြားချင်တာတွေ အကြံပြုဆွေးနွေးပေးပါဦး ခင်ဗျာ။

ဖြေ။    ။ လူငယ်တွေကို ပြောချင်တာက အမျိုးသားနေ့သာ ဖြစ်မလာခဲ့ရင် လွတ်လပ်ရေးနေ့ ဆိုတာလဲ ဖြစ်မလာပါဘူး။ ယခုအခါမှာ လွတ်လပ်နေတဲ့ လူမျိုးတွေဖြစ်တဲ့ အထိုက်အလျောက် လွတ်လပ်နေတဲ့ ကာလမှာ အမျိုးသားနေ့ကို မမေ့သင့်ပါဘူး၊ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အားဖြင့် လွတ်လပ်ရေးကို ယနေ့ခေတ် ကျောင်းသားလူငယ်တွေအနေနဲ့ လက်ဆင့်ကမ်းထိန်းသိမ်း ကြဖို့လိုပါတယ်။

မေး။   ။ယခုလို ကျောင်းသားလူငယ်တွေ အတွက် အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သတ်ပြီး အသိပညာပေး၊ အကြံပြုမှာကြားဆွေးနွေး ပေးတာကို ကျွန်တော်တို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

မိုးစက်(ဘိုကလေး)