ရမည်းသင်း နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်း စီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် ထိန်ကန်ကျေးရွာအုပ်စုရှိဒေသခံပြည်သူ များအား အခမဲ့ကွင်းဆင်း ပြုလုပ် ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ပန်းခင်စီမံချက်ဖြင့် ကွင်းဆင်းဆောက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး၊ ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်လေးရပ်နှင့်အညီ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ပြုလုပ်ရာရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြည်သူတစ်ဦး အနေဖြင့်နိုင်ငံသား စိစစ်ရေးကပ်၏ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြည်သူများ ထံကို လက်ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ကာလ၌ ပြည်သူ (၆၁၉၃) ဦးကိုနိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စု (၉၂၀) ကိုအိမ်ထောင်စု လူဦးရေဇယား ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)