မိတ္ထီလာခရိုင်တွင် ဆီစားသုံးမှု ဖူလုံစေရေး ဆောင်းနေကြာစိုက်ဧက ရှစ်ထောင်ကျော် စိုက်ပျိုးသွားမည်

မိတ္ထီလာ   နိုဝင်ဘာ ၂၇

 မိတ္ထီလာခရိုင်တွင် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ဆောင်းနေကြာ စိုက်ဧက ရှစ်ထောင်ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဦးစီးဌာန၏ ကြီးကြပမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ  ကျေးလက်နေတောင်သူ များက ဆောင်းနေကြာကို မိုးသီးနှံများ သိမ်းဆည်းပြီးချိန် စက်တင်ဘာလမှ စတင်၍  စိုက်ပျိုး လျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာ စိုက်ဧက ၁၄၆၉ ဧက၊ မလှိုင်မြို့နယ်တွင် ဧက ၃၀၀၀၊ သာစည်မြို့နယ်တွင် ၂၉၉၃ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဧက ၉၀၀တို့ကို စိုက်ပျိုးသွားရန် လျားထားပြီး စိုက်ပျိုးလျက်ရှိရာ ယခုဆိုလျှင် မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ပျိုးဧက ၂၂၅၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ရာ  ကျန်ရှိနေသော ဧကများကိုလည်း ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်းနေကြာကို  မိတ္ထီလာမြို့နယ်တွင် ၁၄၆၉ ဧက၊ မလှိုင်မြို့နယ်တွင် ၉၃၀ ဧက၊ သာစည်မြို့နယ်တွင် ၂၉၉၃ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၁၃၇၇ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။  

န်းမြင့်ကျော်(မိတ္ထီလာ)