ရန်ကုန် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် တရားဝင် မှတ်ပုံတင် ထားပါကလည်း ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မြို့နယ်အတွင်းရှိ အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများ အနေဖြင့် လူတန်းစားမရွေး လာရောက် ပြသနိုင်ရေးအတွက် သင့်တင့်မျှတသော ဆေးကုသမှု စရိတ်များဖြင့် ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများ ပေးစေလိုကြောင်း၊ လက်ရှိကာလ သည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အလျောက် ဆေးကုသ မှုများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ကုသ ပေးစေလိုကြောင်း၊ မိမိတို့ ဆေးခန်းသို့ လာရောက်ပြသသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့ သိရှိနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်းဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက အဆိုပါ မြို့နယ်အတွင်းရှိ အထူးကုဆေးခန်းများနှင့်ဓာတ်ခွဲခန်းများကို ကျန်းမာရေး ဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ လုပ်ငန်းလိုင်စင်ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)