အင်းတော်ကြီးဒေသတွင် နှစ်စဉ်ကျင်းပ‌လေ့ရှိသည့် ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲ‌တော်နှင့် ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲ‌တော်အား ယခုနှစ်တွင် မကျင်းပဖြစ်

မိုးညှင်း          နိုဝင်ဘာ        ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် (၂၃) ကြိမ်မြောက် ရှမ်းနီရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲတော်အား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။

သက္ကရာဇ်(၂၁၁၅)ခုနှစ်မှ (၂၁၁၆) ခုနှစ်သို့ ကူးပြောင်းမည့် (၂၃)ကြိမ်မြောက် ရှမ်းနီနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲတော်အား နတ်တော်လဆန်း()ရက်နေ့တွင် နှစ်စဉ် ကျင်းပလေ့ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ (၂၂)ကြိမ်မြောက် ရှမ်းနီနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်း ဆက်ကပ်လှူဒါန်းပွဲတော်ကို အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာအုပ်စု လွဲပေါကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး (၂၃ကြိမ်မြောက်ပွဲတော်အား အင်းတော်ကြီးဒေသ ပန်းလားကျေးရွာအုပ်စု အိုင်လေးသူကျေးရွာ၌ ကျင်းပရန်အလှည့်ကျဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သဖြင့် မိမိတို့ကျေးရွာအုပ်စုအလိုက် သင့်တော် သလို ရိုးရာမပျက် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။

အင်းတော်ကြီးဒေသတွင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာအုပ်စု(၁၁)စု၊ ရွာပေါင်း (၄၃) ရွာရှိကာ နှစ်သစ်ကူးပွဲတော်ကိုစုပေါင်း၍ ကျေးရွာ အသီးသီးတွင်အလှည့်ကြ ကျင်းပပြုလုပ်လေ့ရှိကြပြီး ယခုနှစ်တွင် ပွဲတော်အားစုပေါင်းကျင်းပမည် မဟုတ်သော ကြောင့် မိမိတို့ကျေးရွာအုပ်စု အသီးသီးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားကြမည် ဖြစ်သည်။

ရှမ်းနီ နှစ်သစ်ကူးပွဲတော်အား တန်ဆောင်မုန်းလကွယ်နေ့ ညသန်းခေါင်အချိန် (၁၂)နာရီအလွန် နတ်တော်လဆန်း () ရက်နေ့တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ကျေးရွာတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ရှမ်းနီတိုင်ရင်းသား/သူ၊ ဆွေတော်မျိုးတော်များက မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ မီပုံးပျံများလွှတ်တင်ခြင်း၊ တိုင်းရင်းသား အကပဒေသာများ ကပြခြင်း၊ အိုးစည် ဗုံမောင်းများ တီးခတ်ခြင်း၊ နှစ်သစ်ကူးတေးသီချင်းများကို သံပြိုင်သီဆိုခြင်း၊ သက်ကြီး ဘိုးဘွားများမှ တရားဓမ္မများ ရွတ်ဆိုခြင်းတို့ ပြုလုပ်ကြကာ နှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။

နတ်တော်လဆန်း () ရက်နေ့တွင် မြတ်စွာဘုရားအား အမှူးပြု၍ ဆရာတော်သံဃာတော်များ အား မိမိတို့ ရှမ်းနီတိုင်းရင်းသားများက လယ်ယာစိုက်ခင်းများမှထွက်ရှိသော ကောက်ဦးဆွမ်းနှင့် သီးနှံများကို အာရုံဆွမ်းအဖြစ် စုပေါင်းဆက်ကပ်ပူဇော်လှူဒါန်းလေ့ရှိကာ ရှမ်းနီတိုင်းရင်းသားများသည် နှစ်သစ်ကူးခြင်းနှင့် ကောက်ဦးဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ဒေသရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်းလျက်ရှိကြကြောင်း သိရသည်။

ဇွဲသူရအောင် (ခရိုင် ပြန်/ဆက်)