ASEAN Festival 2021 ပွဲတော်၌ မြန်မာနိုင်ငံကိုယ်စား ပြု ကျိုင်းတုံတက္ကသိုလ် က ပထမဆု ၂ခု ရရှိ

ကျိုင်းတုံ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ တက္ကသိုလ် (၁၉)ခု ပါဝင်သော ASEAN Festival 2021 ပိတ်ပွဲအခမ်းအနားကို ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက Video conference ဖြင့်ကျင်းပသည်။ ပွဲတော်တွင် စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပြိုင်ပွဲ(၇)မျိုး ပါဝင်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကျိုင်းတုံတက္ကသိုလ်က အာဆီယံဟင်လျှာ ပြိုင်ပွဲနှင့် အာဆီယံ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲတို့တွင် ပထမဆု ရခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အာဆီယံ တက္ကလိုလ်များ၏ ပြိုင်ပွဲဝင် ဗီဒီယို ကလစ် များကို ပြိုင်ပွဲအမျိုးအစားအလိုက် ပြသသည်။ ထို့နောက် ဖိလစ်ပိုင် သမ္မတနိုင်ငံ Tarlac Agricultural University မှ University President, Dr. Max P. Guillermo က ဂုဏ်ပြုစကား ပြောကြားပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရ သည့် တက္ကသိုလ်များကို ကြေညာသည်။

ဆက်လက်၍ ပြိုင်ပွဲ အကဲဖြတ်ဒိုင်လူကြီးများက ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲအလိုက် ရှင်းလင်းပြောကြားသည်။

ယင်းနောက် Tarlac Agricultural University မှ Assist Director, External Linkages & International Affairs, Dr. Sheila R. Lingaya ကနှုတ်ဆက်စကား ပြောကြားပြီး Video conference မှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။

 ASEAN FESTIVAL 2021 ပွဲတော်ကို ဖိလစ်ပိုင်သမ္မတ နိုင်ငံTarlac Agricultural University မှ ဦးစီး၍ ယခုနှစ် ဩဂုတ်လ ၂၅ရက်နေ့က စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပွဲတော်တွင် ရိုးရာဟင်းလျှာပြိင်ပွဲ၊ ဒီဂျစ်တယ် ဓာတ်ပုံ ပြိုင်ပွဲ၊ ဝတ်စုံဖန်တီးမှုပြိုင်ပွဲ၊ အက ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် ဗီဒီယိုထုတ်လုပ်ရေး ပြိုင်ပွဲတို့ပါဝင်ပြိး မြန်မာနိုင်ငံ ကိုယ်စားပြု ကျိုင်းတုံတက္ကသိုလ်က ပြိုင်ပွဲ ၆မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံဟင်လျှာပြိုင်ပွဲနှင့် အာဆီယံ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲတို့တွင် ပထမဆုများ ရခဲ့ခြင်းဖြစ်သည်။

မောင်မောင်နိုင်(ကျိုင်းတုံ)