ရန်ကုန် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်-၁၂၆၅၊ အေးချမ်းစံ အထူးကုဆေးခန်းတွင် ယမန်နေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှု အသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၁)စီး ထွက်ခွာငြှိမ်းသတ်ရာ ၁၁ နာရီ ၅၅ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ(၄၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်-၁၂၆၅၊ အေးချမ်းစံ အထူးကုဆေးခန်း အတွင်း ၁၀ ပေ ပတ်လည်အခန်းမှ မီးပလပ်ခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကြွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ၂၀ ပေ၊ ၆၀ ပေ အဆောက်အဦးအတွင်းရှိ အမိုး၊ အကာ၊ မျက်နှာကျက်၊ ဆေးပစ္စည်း နှင့် လူသုံးကုန်ပစ္စည်း အနည်းငယ် မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဘိုး ကျပ် နှစ်သိန်းခန့်ရှိကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အဆိုပါဆေးခန်း မန်နေဂျာဦးတင်ထွဋ်အောင်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ