ဟိုပန် နိုဝင်ဘာ ၂၇
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုပန်မြို့၊ မိန်းပန်း“ဝ” ရပ်ကွက်၊ ချယ်ရီလမ်းဖွင့်ပွဲအား တက်ရောက်ခဲ့သည်။
ပထမဦးစွာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးနိုင်မျိုးဦးကချယ်ရီလမ်း ကွန်ကရစ်ခင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက Straight Line ဆိုလာ (၃) စုံကို လည်းကောင်း၊ ဥက္ကဋ္ဌ ဦးညီနပ်က လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံကိုလည်းကောင်း ပေးအပ်ရာ မိန်းပန်း“ဝ” ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ မင်္ဂလာအချိန်တွင် ချယ်ရီကွန်ကရစ်လမ်းအားဥက္ကဋ္ဌ ဦးညီနပ်၊ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီးအောင်ကျော်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဦးကျင်ဝမ်းနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည် ဖျန်းပက်ပေးကာ လမ်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းဆည်းယာဉ်နှင့် ရေသယ်ယာဉ် ဝယ်ယူပြီးစီးမှု၊ ကားဂိုဒေါင် တည် ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ မြို့ဝင် ဆိုင်းဘုတ် ဆောင်ရွက်ပြီးစီးမှုနှင့် We LoveHopang Logo ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (Clean & Green) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများမှာ မြို့ဝင်ဆိုင်းဘုတ်တည် ဆောက်ခြင်း၊ We Love Hopang Logo ဆောင်ရွက်ခြင်း၊ နမ့်ဆောင်ချောင်း အမှိုက်နှင့်သယ်နှုန်းဆယ်ယူခြင်း၊ ကွန်ကရစ်လမ်း(၃) လမ်းခင်းခြင်း၊ စည်ပင်သာယာရေးဌာန အမှိုက်သိမ်းဆည်း ယာဉ်၊ရေသယ်ယာဉ်ဝယ်ယူခြင်းနှင့် ကားဂိုဒေါင် တည်ဆောက်ခြင်း တို့ဖြစ်ပြီး လုပ်ငန်းအားလုံး (၁၀၀) ရာခိုင်းနှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကာ အဆိုပါ လုပ်ငန်းများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)