ရွှေပြည်သာ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇) ရပ်ကွက် (ကုသိနာရုံ) ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၈) ရပ်ကွက် (ဇီဝက) ပန်းခြံနှင့် မြို့နယ်ပြည်သူ့ ဆေးရုံတို့တွင် ယမန်နေ့ နံနက် (၉) နာရီချိန်မှ စတင်၍ အသက်(၁၈)နှစ်အထက် ရဟန်းရှင် လူပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင်အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်များအလိုက် သတ်မှတ်ထားသော စုရပ်နေရာများတွင် ဆက် လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးမိုး (ပြန်/ဆက်)