အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်အားပေး

မော်လမြိုင်     နိုဝင်ဘာ        ၂၇

၂၀၂၁ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်ရှိ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ အထူးသဖြင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူကာ သက်ဆိုင်ရာအားကစားကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းသည် မြို့နယ်/ခရိုင်အဆင့်မှ ပြည်နယ်အဆင့်လက်ရွေးစင် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်၊ စားပွဲတင် တင်းနစ် အားကစားနည်းကိုလူအများ စိတ်ဝင်စား ပြီးအားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် မွန်ပြည်နယ်စားပွဲတင် တင်းနစ်အသင်း အောင်မြင်မှုရရှိစေရန်နှင့် မြန်မာ့လက်ရွေးစင် စားပွဲတင်တင်းနစ် အားကစား သမားများ မွေးထုတ်ပေးနိုင်ရန်စသည့်ရည်ရွယ် ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင် အားကစားသမားများ၏ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုမှုနှင့် အမျိုးသားတစ်ဦးချင်းပွဲစဉ်(၁)အဖြစ် ကျိုက်ထိုမြို့နယ်အသင်းနှင့် မုဒုံမြို့နယ် အသင်းတို့မှ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။ အဆိုပါ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်(၁၇)ပွဲနှင့် မြို့နယ်များမှ အမျိုးသမီးအသင်း သတ်မှတ်ပွဲစဉ်များတွင် အနိုင်ရ အုပ်စုများအလိုက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် (၁၉)ပွဲနှင့်သတ်မှတ်ပွဲစဉ်များကိုမြို့နယ်အသင်းအနိုင်ရအုပ်စုအလိုက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ပြိုင်ပွဲကို နိုဝင်ဘာ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)