တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ နိုဝင်ဘာလ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာအသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမြိုးအစားကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကို စုရပ်များခွဲ၍ ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်(၅) နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးကြောင်း သတင်းရရှိပါသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)