ကျောက်ဖြူ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က အသိပညာပေး (Talk Show)ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် စာရေးဆရာ၊ ဆရာ ဝေယံလင်းထက် က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်များ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ကောလိပ်ကျောင်းသားများ ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ရာမှ အစပြုခဲ့သည့် ပထမကျောင်းသား သပိတ်စတင်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ပုံ သမိုင်းကြောင်းများကို အနာဂတ်မျိုးဆက်သစ်လူငယ်များသိရှိပြီး ဗဟုသုတများ ရရှိစေရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေး(Talk Show)များ၊ ပုံပြင်ပြောများ၊ စက္ကူခေါက် နည်းပြသပေးခြင်းများ၊ စာအုပ်မိတ်ဆက်ခြင်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများ ကို Online မှတစ်ဆင့် အပတ်စဉ် တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း