စစ်ကိုင်း နိုဝင်ဘာ ၂၆
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Show အခမ်းအနားကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိသက်ခိုင်က Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးပြီး အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိစံက မြန်မာနိုင်ငံမှာ တစ်ချိန်က ကံခေသွားလို့ သူ့ကျွန်ဘဝ ရောက်ခဲ့ကြရပြီး မြန်မာဆိုတာ ကျွန်မဟုတ်လို့ ကိုယ့်နိုင်ငံကို ချစ်တဲ့၊ တန်ဖိုးထားကြတဲ့အတွက် တက္ကသိုလ် ကျောင်းသား လူငယ်တွေဟာ နယ်ချဲ့ယုတ်မာသူတွေရဲ့ ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ကြလို့ အမျိုးသားအောင်ပွဲနေ့ ရယ်လို့ဖြစ်လာတဲ့အကြောင်း သမိုင်း အဆင့်ဆင့်တို့ကို ဦးဆောင် ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လျော့နည်း လာသည်နှင့်အမျှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် စာအုပ်များ ငှားရမ်းခြင်း၊ စာအုပ်/ စာစောင်များပြသပေးခြင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်