ပုဗ္ဗသီရိမြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ   ဩဂုတ်  ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် မဲဆန္ဒရှင် စာရင်း စိစစ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ  မဲဆန္ဒရှင်စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကျန်ခဲ့ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ ပါဝင်နေသော အချက်အလက်များ မှားယွင်းနေခြင်းစသည့် လုပ်ငန်းလို အပ်ချက်များနှင့် ပတ်သက်၍  စာရင်းများ တိကျမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီ ပြီးစီးစေရန် မြို့နယ်မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြော ကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့သည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါ၍ ထည့်သွင်းရန် ပုံစံ(၃)ဖြင့် လျှောက် ထားသူ ၅၈၃၄ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ကန့်ကွက်သည့် ပုံစံ(၄) ဖြင့် လျှောက် ထားသူ ၁၆၀၇ ဦး၊ ကိုယ်ရေး အချက်အလက် မှားယွင်း၍ ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၅၁၃၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကံချွန်(ပြန်/ဆက်)